“သားမောင်လူလှရှင်ပြူရအောင်”

on Tuesday, October 9, 2012
(၁)
ရှင်မရေ..
ချိုချဉ်စပ်ခါး
မမှားရအောင်
ယုယဆောင်ကျဉ်း
လူ့ဘောင်တွင်းသို့
ရင်ဝယ်ပိုက်ထွေး
ပြုစုကျွေးကာ
သားမောင်လူလှအရွယ်ရခဲ့..။
...

(၂)
ရှင်မရေ..
အရွယ်ရလာ
သားလိမ္မာကို
သာသနာ့အမွေဆက်ခံစေလို
တွေးကာနေမိ
ကြည်နူးပီတိ
ဘယ်အခါဂွမ်းစည်ထိရမလည်းနော်..။
(၃)
ရှင်မရေ..
ဒီတစ်မိုးကုန်
လကဆုန်ဝယ်
သားမောင်လူလှ
ရှင်ပြုကြမယ်
ဗျောစည်ကိုတီး
ဗျိုး..ဟစ်ပြီးကွယ်
လှူခံတစ်ကျိပ်
ကျေးငှက်သတ္တ၀ါမကျန်
စုံလင်စွာပေါ့...။
(၄)
ရှင်မရေ..
နောက်တောင်ဆီက
ငြိုးမာန်ဟုန်ပြင်း
ရွှေမိုးမင်းရယ်
သည်းထန်ရက်စက်
ရွာရက်မပျက်
ရွာသွန်းလျှက်မို့
ချောင်းရိုးရေလျှံ
ကန်သင်းဘောင်ကျိုး
စံပါးခင်းရေမြုတ်
အလိုကွယ်...
အကြံစည်ငုတ်ပါပေါ့..။
(၅)
ရှင်မရေ..
ံစံပါးခင်းရေမြုတ်
ဘာဟုတ်မလည်း
မျက်နှာငြိုးငယ်
အားမငယ်နှင့်
ဆထပ်ထမ်းပိုး
ကြိုးစားဆို့ကွယ်
သားမောင်လူလှရှင်ပြုရအောင်..။
(၆)
ရှင်မရေ..
ရန်သူငါးပါး
တစ်ပါးမဟုတ်
တစ်ပါးပုပ်လို့
မောင်တို့ရွှေအကြံပျက်ရပြန်ပေါ့
ရင်ဝယ်လှိုက်ဆူ
ဝမ်းနည်းပူးဆွေး
တစ်နှစ်တော့..
ဝေးရပြန်ပေါ့ကွယ်..။
(၇)
ရှင်မရေ..
ဘယ်သူဖျက်ဖျက်
တို့မပျက်ဘူး
ဘယ်သူခွဲခွဲတို့မကွဲဘူး
အမြဲစည်းလုံး
ပီတိဖုံးလို့
ရင်ဝယ်ကြံစည်
တွေးကာနေမည်
သားမောင်လူလှရှင်ပြုရအောင်..။
(၈)
ရှင်မရေ...
စံပါးရွှေဝါ
ပြည့်ဝခါနှင့်
ရိတ်ခါသိမ်းချိန်
ဒီတစ်ကြိမ်တော့
ပစ္စုန်နတ်သား
မဖျက်ညားလျှင်
မလွဲဧကန်
စိတ်ကကြံသည့်
သားမောင်လူလှ
ရှင်ပြုရအောင်
ဒီနှစ်ကောင်ထည်ဖော်တော့မည်။
(၉)
ရှင်မရေ..
လာပြန်တစ်လှည့်
နောက်တောင်ဘက်ဝယ်
ပစ္စုန်တပ်သား
အမိုက်များလေ
သည်းမည်းသွန်းရွာ
စံပါးရွှေဝါ
မြုတ်ကာတစ်ကျော့
သွားပြန်ပေါ့..။
(၁၀)
ရှင်မရေ..
စိတ်ကိုကြည်နူးစေတာဟာ
လုပ်ချင်တာလုပ်ရမှ
အတိက်ကိုကြည်နူးစေတာဟာ
ဖြစ်ချင်တာဖြစ်ခဲ့ရလို့ပေါ့..
ဖြစ်ချင်တာမဖြစ်ခဲ့တဲ့
အတိတ်ကာလတွေကို
ခ၀ါချမြိုသိပ်ပါလို့
လာကြပါစေ
ဘေးရန်အပေါင်းကို
တွန်းလှန်ကာ
တို့တူကြိုးစားကြမယ်
ကိုယ်ရည်မနွမ်း
စိတ်မပင်ပမ်းစတမ်းပေါ့
သားမောင်လူလှရှင်ပြုရအောင်။
(၁၁)
ရှင်မရေ..
ပတ္တမြားမှန်ရင်နွံမနစ်ပါဘူး
စံပါးမှန်ရင်ရွှေဖြစ်ဖို့မခတ်ပါဘူး
ခေတ်ကိုကဆန်ခေတ်
အနှစ်ကိုကဆန်အနှစ်ပါ
ဟောဒီ အာရှတစ်ခွန်ကနေ
အာဖရိကအစွန်အထိ
ဆန်နဲ့ပင်အသက်ရှင်ကြတာပါပဲ
ဒီတော့..
ဆန်အဖြစ်ကို တို့တွေအားခဲပါလို့
ကဲ...အစွမ်းကုန်ပျိုးကိုကျဲတော့မယ်
သားမောင်လူလှရှင်ပြုရအောင်..။
(၁၂)
ရှင်မရေ..
ဟောဒီ ၂၀၁၂ ဟာ
ထောင်လွှားကာအညွန့်တဝေေ၀
ပြည့်ဝခြင်းအနှစ်အထွေထွေနှင့်
ငြိမ်းချမ်းခြင်းပြယုဒ်ဟာ ၂၀၁၂
လွတ်လပ်ခြင်းပြယုဒ်ဟာ ၂၀၁၂
ကောင်းကင်ဟာလှပတာ ၂၀၁၂
ဟောဒီ ၂၀၁၂ ဟာလေ
ရှေ့ကလည်း နှစ်(၂)
နောက်ပိတ်လည်းနှစ်(၂)
ရှေ့နောက်ညီညာ
မင်္ဂလာအဖြာဖြာနဲ့ ၂၀၁၂ ပေါ့..
မောင်တို့မြန်ပြည်တစ်ခွင်
ဆန်စံပါးတွေ ထိန်ထိန်လင်းပါလို့
ရှင်မရေ....
ဒီတစ်နှစ်တော့
သားမောင်လူလှ ရှင်ပြုရအောင်
အတိတ်ကံရယ် ပေးပါတော့
စိတ်အကြံလေး မဝေးပါရစေနဲ့
အောင်ကြောင်းရယ်အဖြာဖြာနှင့်
(၃၈) ဖြာမင်္ဂလာနဲ့အညီ
မင်္ဂလာစည်တီးပါလို့
ညီညာစေသတည်း
ပြည်သာစေသတည်း.....။
---------------------------------။
(ဆရာမောင်ခိုင်မာ ၏ ပြုံးလိုက်စမ်းပါ ရှင်မရယ်..စာအုပ်ကိုဖက်ပြီး
အတွေးလေး နဲ့ရေး လိုက်တာပါ
ဆရာ မောင်ခိုင်မာ ကိုလေးစားရိုသေရင်း)

0 ကွန်မန့်:

Post a Comment

အလှူဟူသမျှ မွန်မြတ်လှ၏...